Tuesday, December 9, 2014

အထီးကျန်

ကျွန်တော်တောင်လင်းနေပြီ
နံနက်ခင်းကမနိုးသေးဘူး
မြက်ခင်းစိမ်းကရယ်တော့
ကောင်းကင်ကမလုံ့တလုံလှမ်းကြည့်တယ်..

အထီးကျန်နံနက်ခင်းလေးပါခဗျာ
ကျွန်တော်နှုတ်ဆက်မှ
နေမင်းကြီးကမမြင်ဘူးသလိုမြင်ဘူးသလိုနဲ့
မဲ့ပြုံးလေးနွေးပြတယ်..

လက်ထဲမှာကသော့ရှိပါတယ်
သောကြာထောင့်ကိုကဝေးလွန်းတာပါ
သစ်အိုပင်ကြီးရယ်
လူငယ်ဆိုတာနံနက်ခင်းအတုနဲ့မလင်းဝေပါဘူးကွယ်..

(ကျွန်တော်လည်းပြန်အိပ်နေလိုက်တယ်)

ဒီလွမ်းနောင်

Friday, December 5, 2014

လွမ်းတယ်

နှင်းကဖြူစင်ပါတယ်
ဆောင်းညကိုဖြတ်သန်း
ငါ့ကိုလာစင်တဲ့ အလင်းတန်းကြမှ
ပြာလို့ဝေလို့..

(နင်မရယ်နဲ့နော်တဲ့)

''နင်ကကဗျာဆို..ငါကဗလာပေါ့
မိုက်မိုက်ရိုင်းရိုင်းခူးမှ
ကြွေမယ့်ပန်းတွေကို
တို့နှစ်ယောက်အတူမုန်းမယ်''

(ဟီး..ဟီး)
(နင်နော်..ဂွပ်)
(အ!)

မိမွန်ရယ်..
နင့်ကဗျာလေးတွေလွမ်းတယ်..။
           
                           ဒီလွမ်းနောင်

မစာဥ

ခရေဖူးတွေ ခူးခူးပြန်တတ်တဲ့
အရူးမလေးကိုမြင်မိတိုင်း
နိုင်မြစ်ဝှမ်းမှာ
ငါ..ဇာဘုရင်လာမလုပ်ချင်ဘူး..

ပိရမစ်တွေရယ်
တခဏလေးမြိုသိပ်ပေးပါ
ဒီလက်ပံပွင့်ဝေတွေ
အရူးမလေးကောက်သွားပါစေ..

မီးခိုးမြူတွေ တလူလူဝေ့နေတဲ့
မြစ်ဝှမ်းတို့ရေ..
ညှင်သာနူးညံ့တဲ့
တောတန်းလေးတစ်ခုလောက်
အဲဒီ အရူးမလေးကို
ဖြတ်သန်းစီးဆင်းပေးစမ်းပါ..

ဆွတ်ပျံ့အုံ့မှိုင်းတာချင်းအတူတူ
ခနော်ခနဲ့အိမ်အိုလေးရဲ့
ဒယီးဒယိုင်အလွမ်းပျိုတွေ
ငါ့အရူးမလေးကို
ကလူကျီစယ် မပြုလိုက်ပါနဲ့..

ငါတို့ကတိအတိုင်း
ဖြူစင်တဲ့ဇလပ်ပန်းတို့ထံ
နေမ၀င်ခင်သွားရဦးမယ်

ရှိသမျှ လေပြေနုတွေအားလုံးတို့ရယ်...

ဇလပ်ပန်းတွေလိုဖြူစင်လွန်းတဲ့
အရူးမလေးသူမအတွက်
ဖြန့်..ကျက်..တိုက်..ခတ်..ပေး..ကြ..ပါ။
   
                          ဒီလွမ်းနောင်

ယိမ်းပြီးနွဲ့သွားတဲ့
ဂငယ်ကွေ့လေးရေ
လက်ကိုင်မပါတဲ့
ကိုယ့်အဘိဓါန်မှာ
လက်ပြရင်း..ဝေးလို့..

မင်းအနိုင်ယူသွားတာ
သုညတွေရဲ့လူပါ
ချွေရမှ ကျေနပ်မယ်ဆိုလို့
အဆုံးစွန်ထိဝေပစ်ခဲ့တယ်..

အကြိမ်ကြိမ်နီပြတဲ့ပွိုင့်ကိုမှ
တွယ်ငြိမိတာဆိုးတယ်
အသင်္ချေနီပြစမ်းပါ
စိတ်ရှိလက်ရှိကို
စက်ရပ်ထားလိုက်မယ်..

ကဗျာတွေကိုချစ်သလို
ကဗျာဆရာတွေကိုမုန်းလိုက်ပါ...။

                       ဒီလွမ်းနောင်

သတိရပါရဲ့ ဧကရီ
နင့်လိုဖြူစင်တဲ့တောင်ဇလပ်ပန်းတွေ
နမ်းသူမဲ့ကမ်းပါးယံမှာ
တောင်စဉ်ရေမရ ပြန်လာပွင့်နေတယ်
တခါတခါ နင့်လိုဖြူစင်လိုက်ချင်တယ်..

နင်မငိုပါနဲ့ ဧကရီ
တဆင့်စကားတဆင့်နားနဲ့
နင့်မျက်ရည်သံ ခပ်တိုးတိုးလေး
ငါကြားမိမှာစိုးလို့ပါ..

ထားခဲ့လိုက်ပါ ဧကရီ
နင်မြင်လိုက်တဲ့ အလင်းဖျော့က
လှိုင်းလေးကိုမှ အဖော်ပြုရတဲ့
မီးပြတိုက်ပါ..

ဝေးပစ်လိုက်ပါ ဧကရီ
တိမ်ခိုးညိုတွေ ခြေရာပျောက်တဲ့အထိ
ဝေးပစ်ခဲ့ပါ..
နင့်ရင်ခွင် ပင်လယ်ပြင်
ခပ်ကျဲကျဲ အလွမ်းတွေထဲ
ငါ..
လက်ပစ်မကူးရဲလို့ပါ..

ငါမပြောချင်ဘူး ဧကရီ
နင့်ကိုငါလွမ်းပါတယ် ဧကရီ
နင့်ကိုငါသိပ်ချစ်ပါတယ် ဧကရီ..

တော်ပြီဟာ
ငါမရေးချင်ဘူး ဧကရီ
ကွဲအက်သံတွေ ဆို့နင့်နေတဲ့
နင့်ကဗျာငယ် ခပ်ဆွေးဆွေးမှာ
ငါမှော်ကဝေပြန်မဖြစ်ချင်လို့ပါ..။

                         ဒီလွမ်းနောင်

;;