Friday, August 29, 2014
''ဥယျာဉ်မှူးရဲ့အိမ်စာ''
========
နင့်အတွက်ငါက
အကြိမ်ကြိမ်မှားသွားလို့
အထပ်ထပ်အဖျက်ခံခဲ့ရတဲ့
ခဲဖျက်..
နင့်အတွက်ငါက
အဖြေမရှိလို့
တစ်ရွက်ချန်ခဲ့တဲ့
ပြန်မစစ်မိတဲ့ပုစ္ဆာ..
နင့်အတွက်ငါက
စတိုခန်းမှာစွန့်ပစ်ခဲ့တဲ့
အရင်နှစ်က
လွယ်အိတ်လေး..
နင့်အတွက်ငါက
နေပူလို့
ခဏယူဆောင်းသွားတဲ့
သူငယ်ချင်းတစ်ယောက်ရဲ့
ထီးတစ်လက်..
နင့်အတွက်ငါက
ပြန်အမ်းတာ
မစောင့်နိုင်လို့
မယူဖြစ်ခဲ့တဲ့
အကြွေစေ့လေး..
နင့်အတွက်ငါက
မီးပျက်နေတုန်း
မီးညှိလိုက်တဲ့
ခါးကွေးနေတဲ့
ဖယောင်းတိုင်..
ငါ့အတွက်မရှိခဲ့ဘူးတဲ့နတ်သမီးလေးရေ..
နင့်အတွက်ငါက
အလှပဆုံးတံဆိပ်ခေါင်းနဲ့
အရက်စက်ဆုံး
စုတ်ဖြဲခံလိုက်ရတဲ့
စာအိတ်လေးပါ...။
စောနောင်
(29.8.2014)
Labels: ဒီလွမ်းနောင်(ကဗျာ)
Thursday, August 28, 2014
''အီကွေးရှင်း''
ကိုယ့်အရေခွံ
ကိုယ်ပြန်ထွန်းနေတဲ့
မီးတိုင်ရေ...
တိမ်မဖြစ်နိုင်တဲ့
အထာတွေနဲ့
အာဖရိကကိုမေးကြည့်
အန္တာတိကမှာ
ရေခဲတွေမရောင်းဘူး
သုဿာန်မှာကျင်းတူးတိုင်း
ယင်ကောင်တွေ
ဓါးသွားပေါ်မနားဘူး
နာရီစဉ်တွေရဲ့
အချိန်မမှန်ခြင်းမှာ
ကိုယ်တိုင်ကတ္တားပေါ်
တက်ကြည့်ပါ ပြီးမှ
ငါတို့ကို ဒိုင်လာလုပ်ပါ...။
ဒီလွမ်းနောင်(အမရပူရ)
Labels: ဒီလွမ်းနောင်(ကဗျာ)
Wednesday, August 27, 2014
ဇလပ်ပန်းတွေ
တောင်စဉ်ရေမရ
ပြန့်ကျဲနေတဲ့
ကန္တာရ...
နှင်းတွေလို
မြူတွေလို
လျှာအရိုးမရှိတိုင်း
ပြောချင်နေတဲ့
လွင်ပြင်...
သူမစိတ်ကြိုက်
ပစ်ခတ်ဖမ်းဆီးသွားခဲ့တဲ့
ခရမ်းလွန်ရင်ခွင်
နေ့နဲ့ညကို
ပြန်ကာဖြေသိမ့်
အလဲလဲအကွဲကွဲ
သံယောဇဉ်လေး
ငါ့သက္ကရာဇ်မှာလွဲခဲ့တယ်...။
ဒီလွမ်းနောင်(အမရပူရ)
Labels: ဒီလွမ်းနောင်(ကဗျာ)
Tuesday, August 26, 2014
အင်္ကျီဗလာကျွတ်နဲ့
တစ်နေ့တာ ငါမျှားချိတ်တွေ
ပန်းကန်ပြား လှလှလေးထဲ
ဟွန်းတီးလိုက်ကြ...
ငြိမ်သက်နေသူတွေ လက်အမြောက်
ပါးဟပ်တွေနာကျင်
အိမ်အပြန်မေ့တတ်လို့
ချိန်ခွင်လျှာ ငေးရတာအမော...။ ။
ဒီလွမ်းနောင်(အမရပူရ)
ကလျာမဂ္ဂဇင်း/ဧပြီ/2014
Labels: ဒီလွမ်းနောင်(ကဗျာ)
''လမ်းပျောက်နေတဲ့ကြယ်''
မေရာက်ဘူးတော့လဲ
မင်းရဲ့လင်းအားကိုမသိနိုင် ဘူးပေါ့
မင်းကလည်းခပ်မှိန်မှိန်လေ...
သူတို့လူရာသွင်းတာထက်စာရင်
မင်းရဲ့မှိတ်တုတ်က
ပိုပြီးလင်းလက်ပါတယ်...
နားလည်ပေးလိုက်ပါ
သူတို့ပါးစပ်က
အလင်းနစ်တွေတစ်နေ့ပိတ်မှာပါ ...
သူတို့ဆုတောင်းဖို့ ကြွေတဲ့ကြယ်တွေမှာ
မင်းနဲ့ငါမပါဘူး
သူငယ်ချင်း...။
ဒီလွမ်းနောင်(အမရပူရ)
Labels: ဒီလွမ်းနောင်(ကဗျာ)